DNS ဘယ်လို အလုပ်လုပ်လဲ
Domain Name က ဘာလဲဆိုတာလည်း ကျွန်တော်တို့ သိခဲ့ကြပြီးပါပြီ။ DNS (Domain Name System) ဆိုတာ Domain Name တွေကို IP address တွေအဖြစ် resolution လုပ်ပေးတယ်ဆိုတာကိုလည်းပဲ ကျွန်တော်တို့ သိခဲ့ကြပြီးပါပြီ။ ခု DNS က ဘယ်လို အလုပ်လုပ်တယ်ဆိုတာကို လေ့လာကြပါစို့။ ကျွန်တော်တို့က Browser မှာ အင်တာနက် လိပ်စာတစ်ခုခုကို ရိုက်ထည့်လိုက်တဲ့အခါ browser က ဒီတိုင်းဆိုရင် ဘယ်ကိုမှ ဆက်သွယ်နိုင်မှာ မဟုတ်သေးပါဘူး။ သူဆက်သွယ်ဖို့ လိုအပ်တဲ့ IP address ကို ရရှိဖို့အတွက် DNS Resulution Process ကို လုပ်ဆောင်ရပါတယ်။ browser မှာ example.com လို့ ကျွန်တော်တို့ ရိုက်ထည့်လိုက်တဲ့အခါ နောက်ကွယ်မှာ browser သည် DNS lookup တစ်ခုကို လုပ်ဆောင်ရပါတယ်။ သိပ်ကြီးတဲ့ စာကြည့်တိုက်ကြီးတစ်ခုမှာ ကျွန်တော်တို့ လိုချင်တဲ့ စာအုပ်တစ်အုပ်ကို ရှာတဲ့အခါ စာကြည့်တိုက်မှူးဆီမှာ စုံစမ်းကြည့်တာမျိုးနဲ့ ဆင်တူပါတယ်။ စာကြည့်တိုက်တွေမှာ ဘယ်လိုစာအုပ်တွေကို ဘယ်စင် မှာ ထားတယ်ဆိုတဲ့ အညွှန်း (index) ရှိတတ်ပါတယ်။ ဒါသည် ကျွန်တော်တို့ လိုချင်တဲ့ website ရဲ့ ဆာဗာ ဘယ်မှာရှိတယ်ဆိုတဲ့ (Server IP) အဖြစ် translate လုပ်ပေးဖို့အတွက် ပထမအဆင့် ဖြစ်ပါတယ်။ အဲသည် အညွှန်း (index) ကို root server လို့ ခေါ်ပါတယ်။
ပြီးတော့ ရှေ့မှာပြောခဲ့တဲ့ TLD(.com, .org, …) တွေကို စာအုပ်စင်မှာ စာအုပ်တွေ စီထားသလို စီထားတဲ့ စာအုပ်စင်အသီးသီးလို host လုပ်ပေးထားတာကိုတော့ TLD Nameserver လို့ ခေါ်ပါတယ်။ ဥပမာ စာအုပ်စင်တွေ အများကြီး ရှိတဲ့ထဲမှာက နိုင်ငံရေးစာအုပ် တွေဆိုရင် ဘယ်စင်မှာရှိမယ်၊ သိပ္ပံစာအုပ်တွေဆိုရင်တော့ ဘယ်စင်မှာရှိမယ်၊ သမိုင်းစာအုပ်တွေကတော့ ဘယ်စင်ပေါ်မှာ စသည်ဖြင့် TLD တွေကို host လုပ်ပေးထားတာ ဖြစ်ပါတယ်။
DNS query ရဲ့ နောက်ဆုံးမှတ်တိုင် က Authoritative Nameserver ဖြစ်ပါတယ်။ သူက စာအုပ်စင်ပေါ်မှာရှိတဲ့ Dictionary စာအုပ်တစ်အုပ်နဲ့ အလား တူပါတယ်။ Dictionary ထဲမှာ ကျွန်တော်တို့ သိချင်တဲ့ စကားလုံးတစ်ခုကို အဓိပ္ပါယ် ဖော်ပြပေးနိုင်သလိုမျိုး သူကလည်း DNS Recursor (စာကြည့်တိုက်မှူး) က ညွှန်းဆိုပြလိုက်တဲ့ စာအုပ်ကို ယူပေးနိုင်သလိုမျိုး DNS Recursor ကနေ လာတဲ့ DNS Request အတွက် လိုအပ်တဲ့ IP address ကို return ပြန်ပို့ပေးနိုင်ပါတယ်။
ဒီအဆင့်တွေအားလုံးကို အကျဥ်းချုပ်ပြန်ပြောပြရရင် ပထမဆုံး ကျွန်တော်တို့ ဖွင့်ချင်တဲ့ example.com (သိချင်တဲ့ စကားလုံးတစ်ခုခု) ကို browser မှာ ဖွင့်နိုင်ဖို့အတွက် (ဘာသာပြန်ဖို့ လိုအပ်တဲ့ Dictionary စာအုပ်ကို) DNS Recursor (စာကြည့်တိုက်မှူး) က ရှာဖွေမှုကို စတင်ရပါတယ်။ သူက root nameserver စာအုပ်အညွှန်း (index) မှာ ကြည့်ပြီးတော့ ဘယ် TLD Nameserver (ဘယ်စာအုပ်စင်) ပေါ်မှာ ရှိတယ်ဆိုတာကို ရှာဖွေရပါတယ်။TLD Nameserver ဆိုတဲ့ စာအုပ်စင်ကို ရောက်တဲ့အခါ authroitative name server ဆိုတဲ့ Dictionary စာအုပ်ကို တွေ့ပြီ။ အဲထဲမှာ ကျွန်တော်တို့ ရှာချင်တဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ကို ရှာလို့ ရသွားသလို အဲသည် authoritative nameserver မှာ ကျွန်တော်တို့လိုချင်တဲ့ IP Address ကို translate လုပ်နိုင်သွားပြီဖြစ်လို့ IP Address ကို ပေးလိုက်တဲ့အခါ browser သည် သူ ရ လာတဲ့ IP address ကို သုံးပြီးတော့ ဆက်သွယ်မှု ပြုနိုင်သွားပြီ ဖြစ်ပါတယ်။
0 Comments