Recent in Technology

HackRF One: The God of Radio Frequency

 

HackRF One: The God of Radio Frequency

မနေ့က ကျွန်တော်တင်ခဲ့တဲ့  Flipper Zero အကြောင်း စိတ်ဝင်စားတဲ့သူ များတာ တွေ့ရပါတယ်။ ဒါပေမဲ့ Flipper Zero ဆိုတာ Radio Hacking လောကရဲ့ ကစားစရာ သက်သက်ပဲ ရှိပါသေးတယ်။

ဒီနေ့တော့ Flipper Zero ထက် အဆပေါင်းများစွာ စွမ်းရည်မြင့်ပြီး God of Radio Frequency 📡 လို့တင်စားရမယ့် HackRF One အကြောင်း နည်းနည်းလေး ပြောပြချင်ပါသေးတယ်။


ပုံစံကို ကြည့်လိုက်ရင်တော့ Walkie-Talkie အကြီးကြီး သို့မဟုတ် Game Boy စက်တစ်လုံးနဲ့ တူပါတယ်။ ဒါပေမဲ့ ဒီကောင်လေးက 1 MHz ကနေ 6 GHz အထိ Frequency တွေအကုန်လုံးကို ဖမ်းနိုင်၊ လွှင့်နိုင်ပါတယ်။ 

Flipper Zero က Sub-GHz ပဲ ရတာပါ။ HackRF ကတော့ အများကြီး ပိုသာပါတယ်။


HackerRF အကြောင်းက ရေးစရာတွေမှ အများကြီးပါပဲသို့သော် ဒီနေ့တော့ အဲသည် အများကြီးထဲကမှာ ခုအကြောင်း ပြောပြပါမယ်။

Flipper မှာ မရနိုင်တာတွေပေါ့ ….


၁။ HackRF မှာ GPS Spoofing လုပ်လို့ရပါတယ်။ (Pokemon Go ခေတ်ထတုန်းက ဒါသုံးတတ်ခဲ့ရင် အများကြီးသာတာပေါ့ 😁)

ကျွန်တော်တို့ ဖုန်းတွေမှာသုံးတဲ့ Maps တွေ နဲ့ navigation app တွေဆိုတာ ကောင်းကင်က ဂြိုလ်တု Satellite တွေဆီက လှိုင်းကို ဖမ်းပြီး အလုပ်လုပ်တာပါ။


HackRF One က ဘာလုပ်နိုင်လဲဆိုတော့ Fake Satellite အနေနဲ့ ဟန်ဆောင်ပြီး GPS လှိုင်းတွေ လွှင့်ထုတ်နိုင်ပါတယ်။ ဒါကြောင့် ဖုန်းတစ်လုံးကို HackRF One နား ကပ်ထားလိုက်တာနဲ့ ဖုန်းထဲက Google Maps မှာ ကျွန်တော်ရှိနေတဲ့နေရာက ချက်ချင်းဆိုသလို ကျွန်တော်တို့ ပေးထားတဲ့ location ကို ရောက်သွားပါတယ်။ ဥပမာ - ဂျပန် လား၊ ပြင်သစ်လား ဒါမှမဟုတ် Maldives ကိုလား။ အေးဆေးနေရာပြောင်းနိုင်တာပါ။ အရမ်းမိုက်တယ်ပေါ့။ 

(Pokemon Go လို ဂိမ်းကစားသူတွေအတွက်တော့ အိမ်ထဲကနေ ကမ္ဘာပတ်လို့ ရတဲ့နည်းပေါ့)

⚠️ သတိ - ဒါကို အိမ်ထဲမှာပဲ စမ်းသင့်ပါတယ်။ အပြင်မှာ စမ်းရင် လေယာဉ်တွေနဲ့ Drone တွေရဲ့ လမ်းကြောင်းကို ဒုက္ခပေးနိုင်လို့ နိုင်ငံတကာဥပဒေအရ အရေးယူခံရနိုင်ပါတယ်။

ဒီလိုပြောလို့ တမင်ချဲ့ကားပြောတယ်ထင်ရင်တော့ မိတ်ဆွေက ဂြိုဟ်တု နဲ့ GPS သဘောကို နားမလည်တာ ဖြစ်နိုင်ပါတယ်။

GPS ဂြိုလ်တုတွေဟာ ကမ္ဘာမြေပြင်အထက် ကီလိုမီတာ ၂၀,၀၀၀ လောက် အကွာမှာ ရှိပါတယ်။ မိုင်နဲ့ပြောရရင် မိုင်ပေါင်း ၁၂,၀၀၀ လောက်ပေါ့။ 

ဂြိုလ်တုက လွှင့်လိုက်တဲ့ Signal ပါဝါဟာ 50 Wattt လောက်ပဲ ရှိပါတယ်။ ခုခေတ် ဖုန်းအများစုရဲ့ အားသွင်းတဲ့ adapter watt လောက်ပါပဲ။ (အချို့ဖုန်းတွေမှာက ဒီ့ထက် watt ပိုများပါတယ်)

အဲဒီ Signal က အာကာသဟင်းလင်းပြင်ကို ဖြတ်၊ လေထုကို ဖြတ်ပြီး မြေပြင်ကို ရောက်လာတဲ့အချိန်မှာ အင်မတန်မှ အားပျော့သွားပါပြီ ဒါကြောင့် GPS receiver တွေသည် မိုင်ပေါင်းများစွာဝေးတဲ့ နေရာက အသံတိုးတိုးလေးကို နားစွင့်နေရသလိုပါပဲ။ 

HackRF One ကလည်း ပါဝါနည်းတယ်ဆိုပေမဲ့ သူက ကမ္ဘာမြေပြင် ပေါ်မှာ ရှိနေတာပါ။ လေယာဉ်တစ်စီးနဲ့ HackRF ဟာ ပေထောင်ဂဏန်း သို့မဟုတ် မိုင်အနည်းငယ်ပဲ ဝေးတဲ့အခြေအနေ ရှိနိုင်ပါတယ်။ ဂြိုလ်တုနဲ့ယှဉ်ရင် HackRF က လေယာဉ်နဲ့ အဆပေါင်းများစွာ နီးကပ် နေတဲ့အချိန်ပေါ့။ (ပေပေါင်းသောင်းချီ အမြင့်ကနေ ပျံနေချိန်ကို မဆိုလိုပါဘူး)

အဝေးကြီးကလာတဲ့ အသံတိုးတိုးလေးကို ဘာများလဲလို့ နားထောင်နေတုန်း ကိုယ့်အနားက တစ်ယောက်ယောက်က ပုံမှန်အသံလောက်နဲ့ပဲ စကားပြောရင်တောင် အဝေးကလာတဲ့အသံကို မကြားနိုင်တော့သလိုမျိုး HackRF ရဲ့ အသံက ဖုံးသွားတဲ့သဘောပါ။ ပြီးတော့ GPS Receiver တွေဟာ အားအကြီးဆုံး Signal ကိုပဲ ဖမ်းယူဖို့ ဒီဇိုင်းဆွဲထားတာဖြစ်လို့ HackRF ရဲ့ Signal အတုကို အစစ်ထင်ပြီး ချက်ချင်း ဖမ်းယူလိုက်ပါတယ်။ အဲမှာ ပြဿနာ ဖြစ်နိုင်တာပါ။




၂။ Flipper Zero မှာ frequency တွေကိုဖမ်းရင် စာတွေနဲ့ပဲ ပေါ်ပါတယ်။ HackRF One မှာကျတော့ Waterfall Display ဆိုတာလေး ပါပါတယ်။

Car keyfob တစ်ခုကို နှိပ်လိုက်တာနဲ့ HackRF ရဲ့ မျက်နှာပြင်မှာ လှိုင်းတွေ ရေတံခွန်စီးကျသလို Visual အနေနဲ့ မြင်ရပါတယ်။ Matrix ဇာတ်ကားထဲကလို မြင်ကွင်းမျိုးပါပဲ။ ဘယ်လှိုင်းက အသံကျယ်လဲ၊ ဘယ်လှိုင်းက ပုံစံဘယ်လိုရှိလဲဆိုတာ မျက်စိနဲ့ တပ်ပ်မြင်နေရတာပါ။

ကားသော့ လှိုင်းပုံစံကို Capture လုပ် ပြီးရင် ပြန်လွှင့် ပြီး Replay လုပ်လိုက်တာနဲ့ ကားတံခါး ပွင့်သွားအောင် စွမ်းဆောင်နိုင်ပါတယ်။

Flipper အကြောင်း post မှာပြောပြထားတဲ့ အားကောင်းတဲ့ rolling code စနစ်မျိုးဆိုရင်တော့ ဒီလိုအလွယ်တကူလုပ်လို့ရမှာ မဟုတ်ပါဘူး။ Networking for Hackers စာအုပ်မှာ လည်း အနည်းငယ် ထည့်ရေးခဲ့ဖူးပါတယ်။ အသေးစိတ်နည်းလမ်းကိုတော့ မပြောပါရစေနဲ့။ 



၃။ ကြိုက်စရာအကောင်းဆုံးဖြစ်မယ့် နောက်တစ်ချက်က FM Radio Station လုပ်ကြည့်တာပါ။

ဒါကတော့ အရမ်းမိုက်ပါတယ်။ HackRF One မှာ Microphone တပ်ပြီး စကားပြောလိုက်ရင် သို့မဟုတ် သီချင်းဖွင့်လိုက်ရင် ဘေးနားက အဲသည် frequency ကို ဖွင့်ထားတဲ့ ကားရေဒီယိုတွေ အကုန်လုံးက ကိုယ့်အသံကို ဖမ်းမိသွားမှာပါ။

ဥပမာ - FM 87.9 MHz ကနေ ကိုယ်ပိုင် FM တစ်ခုအနေနဲ့ ထုတ်လွှင့်ပြလို့ ရပါတယ်။ မီးပွိုင့်မှာ အချိန်အကြာကြီးမိတဲ့အခါ ဘေးနားက ရေဒီယိုဖွင့်ထားတဲ့ကားတွေရဲ့ ရေဒီယိုထဲကို ကိုယ့်အသံ ဝင်သွားအောင် လုပ်လို့ရတဲ့ သဘောပါပဲ။ (လျှောက်မစမ်းနဲ့ဗျနော်ကျွန်တော်က အိမ်မှာ ကိုယ့်ကားနဲ့ကိုယ် စမ်းပြီးပါပြီ)


Flipper Zero က အသင့်သုံး လျှောက်စမ်းလိုသူတွေအတွက် ကစားစရာလို့ ဆိုနိုင်ပါတယ်။ HackRF One ကတော့ Frequecny တွေရဲ့ သဘောတရားကို နားလည်ချင်တဲ့ Researcher တွေနဲ့ Engineer တွေအတွက် တကယ်ကောင်းပြီး အသုံးဝင်တဲ့ device တစ်ခုလို့ ဆိုနိုင်ပါတယ်။


ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်မှာ မမြင်ရတဲ့ လှိုင်းတွေ ဘယ်လောက်များနေလဲ၊ အဲဒီလှိုင်းတွေက ဘယ်လောက်ထိ လုံခြုံမှု အားနည်းနေလဲဆိုတာ HackRF One နဲ့ ရှာဖွေဖော်ထုတ်နိုင်ပါတယ်။ 


(⚠️⚠️⚠️ - ဤဆောင်းပါးသည် Educational Purpose အတွက်သာ ဖြစ်ပါသည်။ ကျွမ်းကျင်မှုမရှိဘဲ လေကြောင်းလှိုင်းများနှင့် အများပိုင် ဆက်သွယ်ရေးလှိုင်းများကို နှောင့်ယှက်ခြင်း ပြုလုပ်ပါက အရေးယူခံရနိုင်ကြောင်း သတိပြုကြပါရန်။)

Post a Comment

0 Comments

People