Recent in Technology

What is network?

Network ဆိုတာဘာလဲ

Networking အကြောင်း မပြောခင် Network ဆိုတာ ဘာလဲလို့ မြင်သာဖို့ လိုပါတယ်။ network ကို မြန်မာလို ကွန်ယက် လို့ သုံးနှုန်းပါတယ်။ ဒီတော့ ကွန်ယက်ဆိုရင် ချိတ်ဆက်ထားတဲ့ ကိရိယာတွေရဲ့ အစုအဝေးတစ်ခု အဖြစ် မြင်ယောင်ကြည့်လို့ ရပါတယ်။ ကွန်ယက်ထဲမှာ တစ်ခုနဲ့ တစ်ခု ချိတ်ဆက်ဆက်သွယ်ပြီး လိုအပ်တာတွေကို မျှဝေအသုံးပြုနိုင်တဲ့ ကိရိယာတွေ အများကြီး ပါဝင်နေနိုင်ပါတယ်။

ကိရိယာတွေ ဆိုတော့ ဘာတွေပါမလဲဆိုရင် ကွန်ပျူတာတွေ၊ ဖုန်းတွေ စတဲ့ ကိရိယာ တွေအပြင် ချိတ်ဆက် ဆက်သွယ်ပေးနိုင်ဖို့ ကြိုးတွေ၊ ကြိုးမဲ့ ချိတ်ဆက်နိုင်ဖို့ wireless router တွေ စသည်ဖြင့် ပါဝင်ပါတယ်။ server တွေ၊ switches တွေနဲ့ printer တွေလို Hardware တွေလည်း ပါပါတယ်။ ဒီတော့ အဲသည်ပစ္စည်းတွေကို အသုံးပြုပြီး တစ်ခုနဲ့တစ်ခု ချိတ်ဆက်ဆက်သွယ်ခြင်းကို Networking လို့ ဆိုနိုင်တယ်ပေါ့။ ချိတ်ဆက်ဆက်သွယ်ထားတဲ့ ကွန်ယက်ကိုတော့ network လို့ခေါ်တယ်ပေါ့။

ဒါဆိုရင် ဘာကြောင့် networking လုပ်ရတာလဲ ဆိုတာကိုလည်း နည်းနည်း ထည့်ပြောချင်ပါသေးတယ်။ ဒီအချက်တွေက Hacker တစ်ယောက်အဖြစ် ရပ်တည်တော့မယ့်သူတွေ အတွက် ဘယ်လို attack လုပ်ကြတယ်ဆိုတာတွေကို ရှင်းလင်းပြတ်သားစွာ နားလည်နိုင်စေမယ့် အကြောင်းရင်းတစ်ခု ဖြစ်နေလို့ပါပဲ။ ကြုံတုန်း ပြောရရင် Hacker ဖြစ်ချင်ရင် အချို့နေရာတွေမှာ What is ဆိုတာကိုပဲ ကြည့်လို့ မရပါဘူး။ Why ဆိုတာကိုပါ နားလည်ဖို့ လိုပါတယ်။ ဒါမှ How to ဘက် ကို သွားလို့ ရမှာပါ။ ဒီစကားလုံးတွေကို ခုချိန် နားမလည်သေးဘူးဆိုရင်တောင် တစ်ချိန်ချိန်မှာ နားလည်လာပါလိမ့်မယ်။

ပထမဆုံးသော ကွန်ပျူတာကွန်ယက်သမိုင်းကို ပြန်ကြည့်တဲ့အခါ ၁၉၅၀ နှောင်းပိုင်း လောက်မှာ US military အတွက် စတင်ဖန်တီးခဲ့ရာကနေ စခဲ့တာကို တွေ့ရပြီး အဆင့်ဆင့် တိုးတက်လာရာကနေ ဒီဘက်ခေတ်ထိ မြစ်ဖျားခံလာခဲ့တာကို တွေ့ရပါတယ်။ ၁၉၆၉ မှာ ပေါ်ပေါက်ခဲ့တဲ့ Anvanced Research Projects Agency Network ကို အတိုကောက် ခေါ်ဆို သုံးနှုန်းထားတဲ့ ARPANET သည် ကမ္ဘာ့သမိုင်းမှာ အစောဆုံး ချိတ်ဆက်အသုံးပြုခဲ့တဲ့ Packet-switched network ဖြစ်ပါတယ်။ ဒါကို တီထွင်ဖန်တီးခဲ့တဲ့ ARPA (Advanced Research Project Agency) ဆိုတာက အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနရဲ့ လက်အောက်ခံ အစိတ်အပိုင်းတစ်ခုသာ ဖြစ်ပါတယ်။

စစ်အေးခေတ် အမေရိကန်နဲ့ ဆိုဗီယက်ရဲ့ ပြိုင်ဆိုင်မှုတွေ၊ ပထဝီနိုင်ငံရေး တင်းမာမှု တွေကြောင့် နျူတိုက်ခိုက်မှုဖြစ်စဥ်တွေမှာ ဆက်သွယ်ရေးလိုင်းတွေကို ထိန်းသိမ်းနိုင်ဖို့ ကြိုးစားရင်း networking ကို တီထွင်ခဲ့ကြတာ ဖြစ်ပါတယ်။ သမားရိုးကျ ဗဟိုထိန်းချုပ်မှုစနစ်တွေထက် ကွန်ယက်ချိတ်ဆက်ထားမှုက ပိုပြီးကောင်းမွန်တဲ့အတွက် ဒီဖန်တီးမှုကို စတင်နိုင်ခဲ့ပါတယ်။

သမားရိုးကျ ချိတ်ဆက်ဆက်သွယ်မှုတွေ လုပ်ဆောင်တဲ့အခါ directory connection လို့ခေါ်တဲ့ တိုက်ရိုက်ချိတ်ဆက်ဆက်သွယ်မှုနည်းလမ်းကို အသုံးပြုကြရပါတယ်။ ဒီတော့ ပစ်မှတ်ထားပြီး တိုက်ခိုက်ခံရတဲ့အခါမှာ လမ်းကြောင်း ပြတ်တောက်သွားနိုင်ပါတယ်။ ARPANET နည်းပညာမှာတော့ packet-switching ဆိုတဲ့ နည်းပညာကို အသုံးပြုထားပြီး ကွန်ယက်အတွင်း လမ်းကြောင်းပြောင်းလဲ ဆက်သွယ်နိုင်စွမ်းရှိလာတာကြောင့်မို့ ပိုပြီးကောင်းမွန် ခံနိုင်ရည်ရှိတဲ့ ဆက်သွယ်မှုပုံစံ ဖြစ်လာပါတယ်။ (packet-switching နည်းပညာကို ခုထိ အသုံးပြုနေဆဲ ဖြစ်ပါတယ်)

ဒါ့ပြင် TCP/IP Protocol suite ကို ဖန်တီးအသုံးပြုနိုင်ခဲ့တာကြောင့်မို့ အချက်အလက်တွေကို ပေးပို့ခြင်း၊ လက်ခံခြင်းတွေအတွက် စည်းမျဥ်းတွေကို ရေးဆွဲနိုင်ခဲ့ပြီးတော့ မတူညီတဲ့ device တွေကြားမှာ အပြန်အလှန် လုပ်ဆောင်နိုင်ဖို့အတွက် စံ ဖြစ်ခဲ့ပါတယ်။

ဒီတော့ သူ့ခေတ်သူ့အခါ ခေတ်အခြေအနေအရ ဆက်သွယ်ရေးအတွက် စိန်ခေါ်မှုတွေကို ဖြေရှင်းနိုင်ဖို့ ကြိုးစားရင်းကနေ ဒီနေ့ခတ် ကျွန်တော်တို့ သုံးနေကြတဲ့ အင်တာနက် ဖြစ်ထွန်းပေါ်ပေါက်လာစေခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ အင်တာနက်ခေတ်အကြောင်းတော့ အားလုံးထင်သာ မြင်သာရှိပြီး ဖြစ်ပါတယ်။ အစောပိုင်းက စကားလေး ပြန်ဆက်ရရင် networking ကို ဘာရည်ရွယ်ချက်တွေနဲ့ သုံးကြလဲ ဆိုတာလေး ဆက်ပြောပါရစေ။

ကွန်ယက်ချိတ်ဆက်ခြင်းနည်းပညာ (Networking) ကို သုံးလိုက်ခြင်းအားဖြင့် ကျွန်တော်တို့တွေသည် fies, documents နဲ့ အခြားသော ဒေတာမျိုးစုံကို ကွန်ယက်အတွင်း ချိတ်ဆက်ထားတဲ့ အခြားသော device တွေနဲ့ ဝေမျှ အသုံးပြုနိုင်လာပါတယ်။ Printer နဲ့ storage device တွေကိုလည်း မျှဝေသုံးနိုင်လာတာကြောင့်မို့ resource တွေ အသုံးပြုရ သက်သာလာစေပါတယ်။ emails, messages, video calls & voice call တွေကိုလည်း သုံးလို့ ရ လာစေပါတယ်။ ဒါတွေကို ကျွန်တော်တို့ နေ့စဥ်လိုလို အသုံးပြုနေကျ ဖြစ်မှာပါ။ ဒါတွေသည် networking ကို အသုံးပြုခြင်းအားဖြင့် ရ လာတဲ့ အကျိုးဆက်တွေ ဖြစ်ပြီးတော့ ဒီအရာတွေကို လုပ်ဆောင်နိုင်ဖို့အတွက် networking ကို အသုံးပြုနေကြရပါတယ်။

ကွန်ယက်အဖြစ် ချိတ်ဆက်ဆက်သွယ် ပေးတဲ့ နည်းပညာကို networking လို့ ခေါ်ပြီးတော့၊ အဲသည်လို ချိတ်ဆက်ဆက်သွယ်ထားတဲ့ ကိရိယာတွေ ပါဝင်တဲ့ ကွန်ယက်ကိုတော့ network လို့ ခေါ်ပါတယ်။ ချိတ်ဆက် ဆက်သွယ်ထားမှု အခြေအနေအရ Network တွေကို ၃ မျိုး ခွဲခြားနိုင်ပါတယ်။ LAN, MAN, WAN ဆိုပြီးတော့ ဖြစ်ပါတယ်။

LAN : Local Area Network ပါ။ ဧရိယာတစ်ခုမှာ ရှိနေတဲ့ ကွန်ယက်ချိတ်ဆက်နိုင်တဲ့ device တွေကို အသုံးပြုပြီးတော့ Local Area အတွင်းမှာသာ ဆက်သွယ်နိုင်တဲ့ ကွန်ယက်အသေးစားလေး ဖြစ်ပါတယ်။ ဥပမာ - ရုံးတစ်ခုမှာ ရှိတဲ့ ကွန်ပျူတာတွေတိုင်းသည် အဲသည်ရုံးရဲ့ printer တစ်လုံးတည်းကို ချိတ်ဆက်သုံးနိုင်တာမျိုးပါ။​ သိပ်မမြင်သာဘူးဆိုရင် အိမ်တစ်အိမ် သို့မဟုတ် ရုံးတစ်ရုံး၊ သို့မဟုတ် ဆိုင်တစ်ဆိုင် မှာရှိတဲ့ WiFi တစ်ခုအောက်မှာ ပြိုင်တူ ချိတ်ဆက်သုံးနေကြတဲ့ device အားလုံးသည် LAN ထဲမှာပါဝင်ပါတယ်။ (အင်တာနက် ချိတ်သုံးနေပေမယ့်ပေါ့) ဒါကြောင့်မို့ သူတို့သည် တူညီတဲ့ IP class တစ်ခုရဲ့ အောက်မှာ internally ဆက်သွယ်လို့ ရပါတယ်။ သို့သော် အခြား ကွန်ယက်ကနေ သူတို့ဆီ လာဆက်သွယ်လို့တော့ မရဘူးပေါ့။ ထပ်ပြီးမြင်သာအောင် ပြောပြရရင် ကျွန်တော်က ကျွန်တော့်ရဲ့ ကွန်ပျူတာကနေ apache2 web service ကို သုံးပြီးတော့ local site တစ်ခု ဖန်တီးထားတယ် ဆိုပါစို့။ အဆိုပါ site ကို ကျွန်တော်နဲ့ WiFi တစ်ခုတည်းအောက်မှာ အတူတူသုံးနေတဲ့ device တွေ က ကြည့်နိုင်မှာ ဖြစ်ပါတယ်။ သို့သော် အခြားလိုင်းတစ်ခုခုနဲ့ ချိတ်သုံးနေတဲ့သူတွေကတော့ လာဖွင့်ကြည့်လို့ ရမှာ မဟုတ်ပါဘူး။

MAN : Metropolitan Area Network လို့ ခေါ်ပါတယ်။ LAN လို ကွန်ယက်တွေ အများကြီး ပါဝင်နေတဲ့ ကြီးမားတဲ့ ကွန်ယက်တစ်ခုပါ။ (WAN လောက်တော့ မကြီးဘူးပေါ့)

WAN : Wide Area Network ဖြစ်ပါတယ်။ အကြီးဆုံး ကွန်ယက်ကြီးပေါ့။ ကျွန်တော်တို့ ခု သုံးနေကြတဲ့ အင်တာနက် ဆိုတဲ့ International Network ကြီးသည် WAN ပါ။ Hacking ပိုင်းမှာ LAN attack အတွက် သိပ်ပြဿနာမရှိပေမယ့် WAN အတွက်ဆိုရင် ဆက်စပ် နည်းပညာတွေကို ထည့်သုံးကြရပါတယ်။ (လက်တွေ့ နမူနာ attack တွေကိုတော့ “The First Step Towards Hacking” နာမည်နဲ့ စာအုပ်တစ်အုပ် ရေးခဲ့ဖူးပါတယ်။ ကျွန်တော်ရေးခဲ့ဖူးတဲ့ Hacking စာအုပ်တွေထဲမှာ Beginner တွေအတွက် အပြည့်စုံဆုံး စာအုပ်တစ်အုပ် ဖြစ်ပါတယ်။)

Network တွေကို သူတို့ရဲ့ architecture နဲ့ purpose ပေါ် မူတည်ပြီးတော့ ပုံစံ ၂ မျိုးနဲ့ ခွဲခြား မြင်နိုင်ပါတယ်။ Client-server Network နဲ့ Pear to Pear (P2P) Network ဆိုပြီးတော့ပါ။ လောလောဆယ်မှာတော့ ဒီအကြောင်းတွေကို အကျယ်ပြောဖို့ ဆန္ဒမရှိသေးပါဘူး။ ဒီတိုင်းပြောနေရင် ပျင်းစရာကောင်းနေနိုင်တယ်လို့ ထင်မိလို့ပါ။

Post a Comment

0 Comments

People