Recent in Technology

Termux ဘာလဲ၊ ဘယ်လိုအလုပ်လုပ်လဲ

 


Termux ဆိုတာက အခမဲ့ အသုံးပြုနိုင်ပြီး open-source လည်း ဖြစ်တဲ့အတွက် Android user တွေကြားမှာ ရေပန်းစားပါတယ်။ အဓိကအကျဆုံးအချက်က Termux အသုံးပြုဖို့အတွက် Android ကို root လုပ်စရာမလိုတာပါ။ ဒီတော့ Termux က android အသုံးပြုသူတွေကြားမှာ တစတစ ကြီးထွားလာပါတော့တယ်။
ပိုပြီး portable ဖြစ်တာကြောင့် Termux ကို developer တွေ သုံးလာကြတယ်။ security researcher တွေ၊ hacker တွေ သုံးလာကြတယ်။ သူတို့တွေ သုံးတာက ပြဿနာမရှိပေမဲ့ ဘာမှန်းမသိ သူများသုံးတာတွေ့လို့ လိုက်သုံးချင်တဲ့ သာမန်လူတွေ နဲ့ တွေ့တဲ့အခါ မှာတော့ Termux က ပြဿနာတစ်ရပ် ဖြစ်လာပါတော့တယ်။
အချို့က Termux က program တွေ software တွေ ရေးလို့ရတဲ့အရာ လို့ မြင်လာကြသလို၊ အချို့ကလည်း Termux က Hack လို့ရတဲ့ဟာ လို့ ဘု မသိ၊ ဘ မသိ တွေ ဖြစ်လာကြပြီး ဝါးတားတားနဲ့ Termux လိုက်ရှာလာကြပါတော့တယ်။ ဘယ်လောက်ထိတောင်မှ ဆိုးသွားလဲဆိုရင် Termux က Operating System ကြီးတစ်ခုလိုတောင် ထင်လာကြပြီး "Android တောင် မသုံးဘဲ Termux သီးသန့်သုံးရရင် ပိုကောင်းမယ်" ဆိုတာတွေပါ ရှိလာကြတာပါပဲ။
အချို့ကလည်း script တွေနဲ့ လှည့်စားပြီး attention ရှာတဲ့ fake video တွေကို ကြည့်ပြီးတော့ Termux ကို အသည်းအသန် လေ့လာချင်လာကြပါတယ်။
အဲလူတွေရဲ့ အဓိက ပြဿနာက Termux က ဘာလဲဆိုတာကို မသိကြတာပါ။ အချို့က Termux က hacker software လို့ ထင်တယ်။ အချို့က Termux သည် အရာရာလုပ်လို့ရတယ်ထင်ပြီး၊ အချို့ကျ Termux တတ်ရင် NASA က တောင် ကြောက်ရတဲ့သူ ဖြစ်တော့မယောင် တွေး ထင် ခံစား နေကြပါတယ်။ (မြန်မာပြည်မှာတော့ Facebook Acc တွေ hack လို့ရတယ်ထင်ကြတာ များပါတယ်) အဲလိုလူတွေက ပိုများလာပြီး Termux က ဘာလဲဆိုတာတောင် မဖြေနိုင်တာလည်း သူတို့ပါပဲ။ ဒီစာကို အဲလိုလူတွေအတွက် အဓိက ရည်ရွယ်ပြီး ရေးပါတယ်။ ဒါဆို Termux ဆိုတာ ဘာလဲ။ Termux ဆိုတာ တကယ်တော့ Terminal Emulator တစ်ခု သာ ဖြစ်ပါတယ်။ ဘာလုပ်ပေးတဲ့ emulator လဲ ဆိုရင် ကျွန်တော်တို့ရဲ့ Android device မှာ Linux environment ကို ထိ တွေ့ သုံးစွဲနိုင်စေဖို့ လုပ်ဆောင်ပေးတဲ့ emulator ပါ။
Android သည် Linux Kernel ကို အခြေပြုတည်ဆောက်ထားတဲ့ Operating System တစ်ခု ဖြစ်ပါတယ်။ ဒါကြောင့်လည်း Termux က Android မှာ အဆင်ပြေပြေ အလုပ်လုပ်ဆောင်နိုင်တာပါ။ ရှင်းရှင်းပြောရရင် Termux က Android ရဲ့ ရှိပြီးသား Linux Kernel ပေါ်မှာ Linux command တွေ run လို့ရအောင် လုပ်ပေးတာ ဖြစ်ပါတယ်။ ဒီတော့ Linux command တွေကို Android ပေါ်မှာ သုံးလို့ရလာတယ်ပေါ့။ ဒါဆိုရှင်းပြီ။ Termux ဆိုတာ Linux command (tools & utilities) တွေကို Android မှာ သုံးလို့ရအောင် လုပ်ပေးတဲ့ အရာ။
ဒီတော့ Termux ကို သေချာနားလည်ချင်ရင် Linux ကို ထဲထဲဝင်ဝင် သိဖို့လိုတယ်။ Linux ကို သိတဲ့သူက Termux ကို နားလည်ဖို့ မခက်တော့ဘူး။
သို့သော် Termux ကို ခုထိ ဘာမှန်းမသိသေးသူတွေကလည်း ဒီစာကိုဖတ်ပြီးရင်တောင် Termux သင်တန်း ထပ်ရှာကောင်းရှာနေဦးမှာကိုတော့ ....

Post a Comment

0 Comments

People